မောင်ငယ်နှင့် ပျောက်ဆုံးသော အနာဂတ်

အိမ်နီးချင်း မိသားစု တစ်ခုမှာ အခင်မင်ရင်းနှီးဆုံး သူငယ်ချင်း လင်းထိန် အမည်ရ လူငယ် တစ်ဦး ရှိပါတယ်။ နေထိုင်တာက နယ်မြို့ လေး တစ်ခုဆိုတော့ ခေတ်မှီဖွံ့ဖြိုးတိုးတက်မှု သိပ်မရှိပါဘူး။ လင်းထိန် က စာတော်ပါတယ်။ စာတော်ဆိုလို့ စာမှာ အမှတ်ပြည့်ရသူတော့ မဟုတ်ပါဘူး။ အတန်းဆရာတွေဆီမှာရော၊ အပြင်မှာရော ကျူရှင် မတတ်နိုင်တော့ သူတော်တယ်ဆိုတာ အတန်းထဲမှာ အလယ်အလတ်လောက်ပဲ ဖြစ်ပါတယ်။

ဒါတောင် သူ့မှာ စာကျက်ချိန် လုံလုံလောက်လောက် မရှိပါဘူး။ အိမ်က ဈေးထဲမှာ လက်ဘက်ခြောက်ရောင်း တော့ ကျောင်းအားတဲ့အချိန်ဆို စာအုပ်တစ်ဖက်နဲ့ ဆိုင်သွားစောင့်ပါတယ်။ လူတစ်ယောက် တော်တယ်ဆိုတာ ကျောင်းစာ အမှတ်ကိုပဲ ကြည့်တာ မဟုတ်ဘူးလေ။ ကိုယ်တွေ စာအားရပါးရကျက်နေချိန် သူက အလုပ်လုပ်နေပြီး စာမေးပွဲနီးမှ ကောက်ကျက်တယ်၊ တွက်တယ်၊ အမှတ်ကောင်းကောင်းနဲ့ အောင်ပါတယ်။ ဒီလိုနဲ့ သူငယ်တန်းကနေ ၈ တန်းအထိ နယ်ကျောင်းမှာ အတူတူတက်ခဲ့ကြတာပေါ့။

ဒီလိုနဲ့ စာရေးသူလည်း ရန်ကုန်ပြောင်းပြီး ကျောင်းတက်ပါတယ်။ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်ပေမယ့် ယောင်္ကျားလေးတွေ ဖြစ်နေတော့ သံယောဇဉ်သိပ်မထားပါဘူး။ သို့ပေမယ့် ဘယ်အချိန်တွေ့တွေ့ အရင်လို ခင်မင်မှု မပြတ်ဘူးဆိုတာ ရင်ထဲထိ သိနေလို့ ဖြစ်ပါတယ်။ တစ်နေ့တော့ စာရေးသူ ဘွဲ့ရ ကျောင်းပြီးတော့ နယ်ကို အလည်ပန်ပါတယ်။ အလည်ပြန်ရောက်ချိန်မှာ သူနဲ့တွေ့ပါတယ်။

သူကတော့ ဈေးထဲမှာ လက်ဘက်ခြောက်ရောင်းနေတုန်းပါပဲ….

သူငယ်ချင်းတွေ ဖြစ်တော့ ဆိုင်စောသိမ်းလို့ ဆိုင်တစ်ဆိုင်သွားထိုင်ဖြစ်ပါတယ်။ ဖြစ်စဉ် ကြောင်းစုံ မေးကြည့်တဲ့အခါ..

“င့ါညီမကို ဘော်ဒါဆောင်ထားဖို့ ကွာ၊ နီးစပ်ရာမြို့ တွေက ဈေးအထိတောင် သွားရောင်းနေရတယ်”

သူက ဥာဏ်ကောင်း တယ်။ စကားပြောပြေပြစ်တယ်။ ဒီတော့ သူ့လက်ဘက်ခြောက်ရောင်းတဲ့ ဈေးသည်ဘဝ ကတော့ နယ်မြို့ ငယ်လေးမှာ သာမန်လူလတ်တန်းစား တစ်ဦးလိုပါပဲ။ ဒီမှာ အဖြေရှာကြည့်ပါတယ်။ ဥာဏ်ကောင်းသော်ငြားလည်း သူဘာလို့ ဒီအခြေအနေက ရုန်မထွက်နိုင်ရတာလဲ။ သူ့လို ဘဝဆုံးနေသူများကော ယင်းအခြေအနေက ရုံးထွက်ဖို့ ဘာတွေလိုအပ်နေပါသလဲ။

၁။ ကံကို ယုံပါ။ သို့သော် ပုံမချပါနဲ့။ ဘယ်နေရာရောက်ရောက် ကိုယ့်ကံ တစ်ခု ကောင်းလာဖို့ ဥာဏ်နဲ့ အားဆိုက်ပါ။

၂။ စိတ်မပျက်ပါနဲ့။ ဘဝမှာ ကိုယ့်ထက် အခြေအနေဆိုးသူများ ရှိနေပါတယ်။ အပေါ်ကိုကြည့်လို့ မုဒိတာပွား အားကျ အတုယူပါ၊ အောက်ကို ကြည့်လို ကရုဏာဝင် ဥာဏ်ဖြင့် ဆင်ခြင်ပါ။

၃။ ရောင့်ရဲပါ။ သို့သော် မပျင်းပါနဲ့။ ရောင့်ရဲသည်ဟုသော အကြောင်းပြ ချက်ဖြင့် ဘဝတက်လမ်း အတွက် ကြိုးစားနေမှုကို မရပ်တန့်ပါနှင့်။

၎။ ပညာ သင်ပါ။ မရပ်တန့်ပါနှင့်။ ပညာသင်ကြားမှု ရပ်တန့်သည့်အချိန်က မိမိတန်ဖိုး တက်နေခြင်းကို ရပ်တန့်လိုက်ခြင်းနှင့်တူပါတယ်။

၅။ ကြိုးစားပါ။ ဇွဲ့မလျော့ပါနှင့်။ ဇွဲလျော့လိုက်သည့်အချိန်က ကျရှုံးမည့်အချိန်ကို စောင့်ဆိုင်းခြင်းနဲ့ တူပါတယ်။

ရန်ကုန်မှာ နေမှ မဟုတ်ပါ။ နိုင်ငံခြားမှာ နေမှမဟုတ်ပါ။ ဘွဲ့ရမှမဟုတ်ပါ။ ကံ၊ဥာဏ်၊ ဝီရိယ အားဆိုက်လို့ ဘယ် အလုပ်လုပ်လုပ် သူ့နေရာနဲ့ သူ အောင်မြင်မှုဆိုတာ ထိုက်သင့်သလို ရစမြဲ ဖြစ်ပါတယ်။

စာရေးသူရဲ့  မိတ်ဆွေလင်းထိန်းဟာ ၁၀ တန်းအောင်ပါတယ်။ တက္ကသိုလ်ဆက်မတက်ပါဘူး။ ဘဝကျောင်းမှာ လည်း ဆက်လက် သင်ကြားခြင်း မရှိပါဘူး။ အကယ်၍ တက္ကသိုလ်ဆက်တက်လို့၊ ဘဝပညာ သင်ဖို့ ပတ်ဝန်းကျင်ကို အချိန်ပေးလေ့လာလိုက်စားရင် သူဒီအချိန်မှာ လက်ဘက်ခြောက် ဈေးသည် မဟုတ်ပဲ ပွဲရုံတစ်ခုဖြစ်လာအောင် ဖန်တီးဖို့ အခွင့်အလမ်းရှိခဲ့ပါတယ်။ သူ ဥာဏ်ကောင်းပေမယ့် သူကောင်းတဲ့ ဥာဏ်က ဘောင်ကျဉ်းသွားပါတယ်။ ဘောင်ကျယ်ကျယ် တွေးတတ်၊ ဥာဏ်ကောင်းဖို့ဆိုတာ ဘောင်ကျယ်ကျယ် လေ့လာသင်ယူမှ ရတာ ဖြစ် ပါတယ်။ ဒီတော့ စာဖတ်သူတို့ထဲမှာ ကိုယ့်ကိုယ်ကို ဘဝဆုံးပြီလို့ထင်နေ သူတွေ၊ အောင်မြင်မှု မရှိတော့ဘူးလို့ ထင်နေသူများအနေနဲ့ ဒီဥပမာကို ယူလို့ မိမိဘဝမှာ လက်တွေ့အသုံးချသွားနိုင် မယ်လို့ မျှော်လင့်ပါတယ်။

— အောင်ခမ်း (ရိုးရာလေး)

 

Post Author: bloggerak

Leave a Reply

Your email address will not be published. Required fields are marked *

16 − 4 =