မေတ္တာရှင်​ ​ရွှေပြည်​သာ ဦးစိုးမြင့်​ အ​ကြောင်းကို မိတ်​​ဆွေ တစ်​ချို့က ကျွန်​​တော့်​ဆီ ​မေးကြမြန်းကြတယ်

 

ဆရာ​မြေမှုန်​လွင်​ ဘာသာပြန်​ထားတဲ့ “နှုတ်​ဆက်​ခဲ့ပါတယ်​..” ရုပ်​ပြ စာအုပ်​​လေးအ​ကြောင်း ​ပြန်​​တွေးမိ​ပါတယ်​..

 

မူရင်း​က ဂျပန်​ ကာတွန်း​လောကကို Gikiga ကာတွန်းဇာတ်​လမ်း​တွေနဲ့ တစ်​​ခေတ်​ဆန်း​စေခဲ့တဲ့ Yoshihiro Tatsumi ​ရဲ့ ကမ္ဘာ​ကျော်​ Good bye ရုပ်​ပြစာအုပ်​ပါ..

 

အဲဒီစာအုပ်​ထဲက ငရဲ ဆိုတဲ့ ဇာတ်​လမ်းတို​လေးက ကျွန်​​တော့်​ရင်​ကို ထူးထူးခြားခြား ထိ တယ်​..

 

ဇာတ်​လမ်းသွားကို အတိုချုံးပြီး ပြန်​​ဖောက်​သည်​ချရရင်​ ဟီရိုရှီးမားကို အနုမြူဗုံး ကျဲပြီးတဲ့​နောက်​ ဂျပန်​လူမျိုး ဓာတ်​ပုံဆရာတစ်​​ယောက်​က ဟီရိုရှီးမား မြို့ပျက်​ထဲဝင်​ပြီး မှတ်​တမ်းဓာတ်​ပုံ ရိုက်​တယ်​​ပေါ့..

 

အနုမြူဗုံးရဲ့ ပြင်းအား​ကြောင့်​ တစ်​ချို့​နေရာ​တွေမှာ လူ​သေအ​လောင်း​တွေကို မ​တွေ့ရဘဲ အရိပ်​​တွေပဲ ​တွေ့ရတယ်​တဲ့.. ဥပမာ ​လှေကားမှာ ​ခွေပြီး ​သေ​နေပုံ အရိပ်​​တွေ ..

ကားမှတ်​တိုင်​မှာ ပုံစံမျိုးစုံနဲ့ အရိပ်​​တွေ .. အ​လောင်းကို မ​တွေ့ရ​တော့ဘဲ အမှုန်​​တွေဖြစ်​သွားပြီး အရိပ်​သဖွယ်​ကျန်​ခဲ့ရ​လောက်​​အောင်​ ပြင်းထန်​လှတဲ့ အနုမြူ ဗုံးဒဏ်​​ပေါ့..

 

တစ်​​နေရာ အ​ရောက်​ ……

အိမ်​ပျက်​ကြီးတစ်​လုံးထဲက နံရံ​ပေါ်မှာ အရိပ်​တစ်​ခုကို ဓာတ်​ပုံဆရာက သွား​တွေ့တယ်​.. သိပ်​စိတ်​ထိခိုက်​စရာ အရိပ်​ပါ..

မိခင်​အိုကြီးကို သားဖြစ်​သူက နှိပ်​​ပေး​နေတဲ့ အရိပ်​.. လိမ္မာတဲ့ သားဖြစ်​သူဟာ မိခင်​အိုကြီးကို နှိပ်​​ပေး​နေရင်း ဗုံးဒဏ်​​ကြောင့်

သားအမိနှစ်​​ယောက်​လုံး ကွယ်​​ပျောက်​သွားပြီး အရိပ်​ပဲ ကျန်​​နေခဲ့တာ.. (​အောက်​မှာ အဲဒီရုပ်​ပြပုံကို ဓာတ်​ပုံရိုက်​ပြီး ပြထားပါတယ်​.)

 

ဓာတ်​ပုံဆရာဟာ အဲဒီအရိပ်​ကိုကြည့်​ပြီး စိတ်​ထိခိုက်​လွန်းလို့ ငို​ကြွေးပါတယ်​.. မျက်​ရည်​​တွေကြားကပဲ အဲဒီပုံကို ဓာတ်​ပုံရိုက်​ပြီး ယူခဲ့တယ်​..

 

အတိုချုပ်​​ပြောရရင်​ အဲဒီဓာတ်​ပုံဟာ ဂျပန်​နိုင်​ငံမှာ အင်​မတန်​နာမည်​ကြီးသွားတယ်​.. အနုမြူဗုံးရဲ့ ​ကြောက်​စရာ​ကောင်းပုံ ၊ စစ်​ကြီးရဲ့ ရက်​စက်​ အကြင်​နာမဲ့ပုံကို အဲဒီဓာတ်​ပုံက ထင်​ဟပ်​​စေတယ်​..

ဓာတ်​ပုံဆရာလည်း နာမည်​​ကျော်​သွားတယ်​.. စစ်​ဆန့်​ကျင်​​ရေး သံတမန်​​တွေ ဘာ​တွေ ဖြစ်​သွားတယ်​.. ဓာတ်​ပုံထဲက သားအမိပုံကိုလည်း

ပန်းခြံတစ်​ခုမှာ ရုပ်​ထုအ​နေနဲ့ ထုပြီး အမှတ်​တရ ထားရှိတယ်​..

 

ဇာတ်​လမ်း​လေးက ဒီမှာပဲ အဆုံးသတ်​သင့်​​ပေမယ့်​ မထင်​မှတ်​ထားတာ​တွေ ဖြစ်​လာပါတယ်​..

 

အမှန်​က အဲဒီအရိပ်​ဟာ မိခင်​အိုကြီးကို သားငယ်​က ပြုစု​နေတာမဟုတ်​ပါဘူး… အ​မွေမ​ပေးတဲ့ မိခင်​အိုကြီးကို သားဖြစ်​သူက လူသတ်​သမားငှါးပြီး

သတ်​ခိုင်းလို့ လူသတ်​သမားက အဲဒီအဖွားအိုကို လည်​ပင်းညှစ်​​ သတ်​နေစဉ်​မှာ ဗုံးကွဲခံရပြီး ​သေဆုံးကုန်​ကြတဲ့ အရိပ်​ပါတဲ့..

(သားဖြစ်​သူက တစ်​ခြားမြို့ကို ​ရှောင်​​နေလို့ ဗုံးဒဏ်​က လွတ်​သွားတယ်​..)

နောက်​ပိုင်းမှာ သူက ၀န်​ခံလို့ အဖြစ်​မှန်​ကို လူ​တွေသိကုန်​တယ်​.. ရုပ်​ထုကြီးကိုလည်း ပြန်​ပြီး ချိုးဖဲ့ပစ်​ကြတယ်​​ပေါ့..

ဒါပါပဲ.. ဇာတ်​လမ်း​လေးက ဒါပါပဲ..

 

ဒီဇာတ်​လမ်း​လေးကို ဖတ်​ပြီး လူမှု ပတ်​၀န်းကျင်​က အရိပ်​အမျိုးမျိုးကို ​တွေးမိတယ်​.. ပုံရိပ်​​ကောင်း​ကောင်း​လေး​တွေကို

အများအမြင်​မှာ ထင်​ဟပ်​​စေပြီး စိတ်​ရင်းအမှန်​မှာ​တော့ ​ကောက်​ကျစ်​ယုတ်​မာသူ​တွေအ​ကြောင်း..

 

Facebook ​ပေါ်လာတဲ့​နောက်​ပိုင်း ပို​တောင်​ဆိုး​သေးပါတယ်​..

ကောင်းတယ်​ထင်​သူက မ​ကောင်းသူ ဖြစ်​​နေတတ်​တာ..

မ​ကောင်းဘူး ထင်​သူက လူ​ကောင်းဖြစ်​​နေတတ်​​တာ..

 

သူတစ်​ပါးကို ခန့်​မှန်းဖို့က မလွယ်​ပါ.. ကိုယ်​​တွေ့​နေတာ သူတို့ အရိပ်​​တွေ..

အိုး…. သူတစ်​ပါးကို မ​ပြောပါနဲ့.. ကိုယ့်​ကိုယ်​ကို​ရော အစစ်​အမှန်​ ရှာ​တွေ့ပြီလား..

 

အမှန်​အတိုင်းဝန်​ခံရရင်​ ကျွန်​​တော်​ကိုယ်​တိုင်​ ကိုယ့်​ကိုယ်​ကို ပြန်​ရှာမ​တွေ့​သေး..

ပရဟိတသမား သူ​တော်​​ကောင်း​လေး စိုးထိုက်​ဟာ ဓမ္မမှန်​​ရှေ့ မတ်​တပ်​ရပ်​ပြီး ကိုယ့်​ကိုယ်​ကို ပြန်​ကြည့်​တိုင်း အ၀ိဇ္ဇာ​တွေ

ဖုံး​နေတဲ့ အတ္တ​ဘောကြီးကိုသာ တွေ့​တွေ့​နေရတယ်​..

တစ်​​နေ့ တစ်​​နေ့ ​ လောဘ ​ဒေါသ တဏှာ ​တွေနဲ့ ဖြတ်​သန်း..

 

တစ်​ခါတစ်​​လေ ​ကိုယ်​ဟာ ဘာဖြစ်​​နေမှန်း​တောင်​မသိဘဲ ​မောဟ​တွေက ဖုံးလွမ်း​နေခဲ့…

အ​ဝေး​ကြီး…ဟိုး….အ​ဝေးကြီး. ကိုယ့်​ကိုယ်​ကို​တောင်​ အစစ်​အမှန်​ ရှာမ​တွေ့​သေးတာ..

သူများကို အရိပ်​မှန်း အစစ်​မှန်း ခွဲခြားနိုင်​ဖို့ဆိုတာ ​ဟိုး…အ​ဝေးကြီး ​ဝေးလှတယ်​ကွယ်​..

 

(ကိုယ့်​ကိုယ်​ကို ပြန်​ရှာ​နေရတာနဲ့တင်​ အချိန်​မ​ရတဲ့ကြားထဲ သူများအ​ကြောင်း​တွေ လိုက်​ရှာမ​နေချင်​ပါ..)

……………………………………………………………..

 

မေတ္တာရှင်​ ​ရွှေပြည်​သာ ဦးစိုးမြင့်​နဲ့လည်း ရင်းနှီးသလို သူ့ဇနီးနဲ့လည်း အချိန်​အကြာကြီး စကား​တွေ​ပြောဖူးတယ်​..

 

သို့​သော်​ ကျွန်​​တော်​ အပါအ၀င်​ လူတိုင်း လူတိုင်း အရိပ်​​တွေသာ ထင်​ရှားပြီး အစစ်​အမှန်​က ​ပျောက်​​နေတာမို့

 

ငါ ၊ သူတစ်​ပါး အရာအားလုံးဟာ ဘယ်​သူမှားတယ်​ ၊ ဘယ်​သူမှန်​တယ်​ ဆုံးဖြတ်ဖို့ရန်​ ခက်​ခဲလွန်းလှပါတယ်​…

အရိပ်​ ၊ အရိပ်​ ၊ အရိပ်​​တွေ…

ကိုစိုးထိုက်​ (ဖဒို)

Post Author: bloggerak

Leave a Reply

Your email address will not be published. Required fields are marked *

19 − sixteen =